ဦးဥတ္တမအား ထိုနေရာမှပုလိပ်က ခေါ်သွားပြီး ထိုနေ့ရထားနှင့်ပင် ရန်ကုန်သို့ပြန်ပိုလိုက်၍ ရန်ကုန်ကို ရောက်လာတော့သည်။
ထိုသို့အဓိကရုဏ်းဖြစ်ရသည်ကို စိတ်မချမ်းသာသော ဆရာတော်ဦးဥတ္တမသည်သူ့ကိုသူဒါဏ်းထားပြီး နောက်ထပ် ထောင်ကျခံဖို့ရာပင် စိတ်ရှိတော့ဟန်တူသည်။
တပည့်ဒါယကာတွေ အတိဒုက္ခရောက်သည်ကို မိမိကိုယ်နှင့်ထပ်တူအောက်မေ့သဖြင့် တလအတွင်းလောက်တွင် လမ်းမတော်ပိုင်း ရှပ်ရှင်နန်းတော်၌ မြို့လုံးကွတ်အစည်းအဝေးကို သာယာဝတီဦးပုအား အခေါ်ခိုင်းလေသည်။
သာယာဝတီဦပုက ထိုအစည်းအဝေးကိုဦးဆောင်ပြီးခေါ်ရာ လူထုပရိသတ်လည်း ပြည့်ကြပ်သွားတော့သည်။
ရာဇသတ်ဥပဒေက ဘယ်သို့ပင် အစိုးရအား အကြည်အညိုပျက်အောင် မဟောမပြောရ၊ ဟောပြောလျှင်ထောင်ဒဏ်ကျခံရမည်ဟု ပညတ်ထားသော် ဆရာတော်ဦးဥတ္တမကမှုကား အစိုးရအပေါ်တွင် အကြည်အညို ကင်းမဲ့အောင် ပျက်အောင်လှုံ့ဆော်ဟောပြောမှသာ သူ၏တာဝန်ဝတ္တရား ကျေပွန်ရာရောက်တော့မည်ဟု သံဒိဌာန်ချလျက်ထိုအစေည်းဝေးတွင် မိန့်ခွန်းအကျယ်ကို စာရွက်ဖြင့်ဖတ်၍ ဟောပြောသည်။
“လွတ်လပ်သော ဒီမိုကရေစီနိုင်ငံတိှု့၌ အစိုးရလုပ်ပုံမကောင်းလျှင် မကောင်းဟုဝေဖန်ခွင့်ရှိသော်လည်း ငါတို့ကတော့ အစိုးရလုပ်တာ မကောင်းလျှင် ခေါင်းငုံ့ခံရလား မခံဘူးမခံကြနဲ့”ဟူ၍ဦးဥတ္တမသည် လှုံ့ဆော်ဟောပြောခြင်း ပြုပြန်တော့၏။
ဟောပြီး ၇-ရက်အတွင်းဦးဥတ္တမကို ဖမ်းဆီးပြီးနောက် အစိုးရကရန်ကုန်မြို့၌ အရပ်ရပ်အစည်းအဝေများ ကျင်းပပြီး ဆူပူမှုကို မပြုရဟု ပုပ်မ(၁၄၄) ကို ထုတ်ပြန်လေသည်။
အမှုစစ်ဆေးသည့်နေ့တွင် ဆရာတော်ဦးဥတ္တမအား ရန်ကုန်ခရိုင်တရားသူကြီး (ဆစ်ဇလာ)၏ရှေ့တွင် ကုလားထိုင်ပေးထား၍ ထိုင်နေရာ ဆရာတော်အချို့လည်း ဦးဥတ္တမနှင့်အတူထိုင်နေကြသည်။
အရေးပိုင်ကရုံးတက်လာသောအခါ ထုံးစံအတိုင်း အားလုံးမတ်တတ်ရပ်၍ အရိုအသေပေးကြသော်လည်း ဘုန်းတော်ကြီးများက မတ်တတ်မရပ်သဖြင့် ဂေါ်ရာ (မျက်နှာဖြူ )ပုလိပ်က ဘုန်းကြီးများထိုင်နေသော ကုလားထိုင်များကို ဆွဲ၍တွန်းပစ်လိုက်သည်။
ထိုရုံးခန်းတွင် ကျွန်တော် နီးကပ်စွာ နားထောင် သတင်းယူလျှက်ရှိသဖြင့် ကိုယ်တွေ့ဖြစ်သည်။
ဦးဥတ္တမနှင့် ဆရာတော် ကြီးများကား ဒေါသမဖြစ် သည်းခံတော်မူမူကြသည်။
ထိုသို့ သံဃာတော်များကို စော်ကား၍ တပြည်လုံး အထူးပင် စိတ်ထိခိုက်နေကြရာ အစည်းအဝေးမလုပ်ရဟု ကန့်ကွက်ထားလျက်ပင် ဆူးလေဘုရား ပန်းခြံအတွင်း လူနှင့် ရဟန်းတို့ အစည်းအဝေးကျင်းပကြလေသည်။
ထိုအစည်းအဝေးမှာ အာဏာဖီဆန်သော အစည်းအဝေးဖြစ်ရာ ဂေါ်ရာပုလိပ်များက မြင်းနှင့်တိုက်နံပါတ်ဒုတ်နှင့်ရိုက်သဖြင့် ဘုန်းကြီးရောလူပါ အတော်များများ ဒါဏ်ရာရသွားကြသည်။
ဂေါ်ရာစာသင်များသည် ဘုန်းတော်ကြီးများကိုရွေး၍ အတင်း လိုက်ရိုက်ရုံမက ကျွတ်ကျန်ခဲ့သော သင်္ကန်းကိုပင် နင်းခြေသည်ကို ကျွန်နော်မျက်မြင်ဖြစ်ရာ ထိုနည်းသည် ဗမာတို့က အင်္ဂလိပ်တို့ကို မုန်းတီးအောင်လှုံ့ဆော်ခြင်းသာလျှင်ဖြစ်ပေသည်။
ဆရာတော်ဦးဥတ္တမက အမှုကိုဘာမျှခုခံခြေလှယ်ခြင်းမပြုဘဲ အစိုးရကို ဆုံးမစာကြီးတစောင်ရေးပေးပြီး အဖြစ်ရှိတယ်ဆိုရင် ထောင်ချတော့ဟု ပွင့်ပွင့်လင်းလင်းပင် ဖော်ပြထားသည်။ အရေးပိုင်းကလည်း ထောင်ဒါဏ်၃-နှစ်အပြစ်ပေးလိုက်၏။
ထောင်ဒါဏ်ကားအလုပ်ကြမ်းနှင့်ပင်ဖြစ်သော်လည်း ထောင်မှူးထောင်ပိုင်များက ဆရာတော်ဦးဥတ္တမအား ကြိုက်နှစ်သက်ရာ ပေါ့ပါးသောအလုပ်ကို လုပ်ဖို့ခွင့်ပြုရာ ဆရာတော်သည် ကြိမ်ထိုးသောအလုပ်ကို အပျင်းပြေမှ လုပ်ကိုင်ပြီး တရားဘသနာစီးဖြင်းလျက် အေးမြသောစိတ်၊ သည်းခံသောစိတ်ကို မွေးမြူလျက် နေထိုင်တော်မူသည်ဟု သိရ၏။
ဆွမ်းတနပ်ကိုသာ ဘုန်းပေးပြီး စိတ်ကိုတည်ငြိမ်အေးဆေးစွာ အာရုံပြုလျက် ကမ္မဋ္ဌါန်းဘာသနာ၌ ပျော်မွေ့တော့မည်ဟု ပိုင်းဖြတ်ထားပြီး ကျင့်ကြံတော်မူသော ဆရာတော်အတွက် အစိုးရတို့ ချမှတ်သော ထောင်ဒါဏ်သည် စူဠလိပ်ကို ရေသို့လွှတ်သကဲ့သို့ရှိတော့သည်။
ဥပဒေပြုလွှတ်တော်၌ ပထမအကြိမ် ပြည်ထဲရေးဝန်ကြီး ဆာဦးခင်၊ ဘဏ္ဍာရေးဝန်ကြီးမစ္စတာကသ်၊ သစ်တောရေးဝန်ကြီး ဆာဂျေအေမောင်ကြီး နှင့် ပညာရေးဝန်ကြီး အမ်အေဦးမောင်ကြီးတို့က ကတ်ဘိနက်ဖွဲ့စည်းခဲ့သည်။
ဆာဂျေအေမောင်ကြီးမှာ ဟိုက်ကုတ်တရားဝန်ကြီးအဖြစ် ပြောင်ရွှေ့ ထမ်းရွက်ရသော အခါတွင် ၂၁-ဦးပါတီမှ ဦပုအား သစ်တောရေးဝန်ကြီးရာထူးကိုပေး၏။
ဒုတိယအကြိမ် ရွေးကောက်ပွဲကျင်းပသော အခါ၌ကား ၂၁-ဦးပါတီမှ ဒေါက်တာဘရင်သည် တသီးပုဂ္ဂလ ရွှေတောင်ကြားအဖွဲ့နျင့်ပေါင်းပြိး ပညာရေးဝန်ကြီးတစ်နေရာကိုယူ၍ ဆာဦးခင်ကွယ်လွန်သောအခါ ဦးမေအောင်က ပြည်ထဲရေးဝန်ကြီးနေရာယူ၍ ဆောင်ရွက်ပြန်၏။
ဥိးမေအောင် ကွယ်လွန်ပြန်ရာ ဟိုက်ကုတ်တရားတရားဝန်ကြီး ဆာဦးဘက ပြည်ထဲရေး၊ ဝတ်လုံးအရိမ်က ပညာရေး၊ ဆာဂျေအေမောင်ကြိးက သစ်တော်ရေးတို့ ကိုကိုင်ပြန်၏။
ဆာဦးဘကွယ်လွန်ပြန်ရာ ဆာဂျေအေမောင်ကြီး ပြည်ထဲရေးကို ပြည်၍ ကိုင်ရသေးသည်။
ဆာဂျေအေမောင်ကြိး ပြည်ထဲရေးကို ကိုင်နေစဉ် ကောင်စီ၌ ၂၁-ဦး အမတ်များက ထောင်ထဲကျနေသော ဆရာတော်ဦးဥတ္တမ ဘယ်မှာရှိ၍ဘယ်လိုနေပါသလဲဟု မေး၏။
ထိုသို့မေးရာ ဆာဂျေအေမောင်ကြီးက အကျဉ်းသား တစ်သောင်းနှစ်သောင်းအနက် ဦးဥတ္တမကဲ့သို့သော သာမန်လူတစ်ယောက်ကို မည်သည့်ထောင်တွင် အကျဉ်းထားသည်ကို အစိုးရတို့မသိနိုင်ပါဟုဖြေသည်။
ထိုအခါတွင် လွှတ်တော်တွင်းမှ မကျေနပ်သောအမတ်များ ထွက်လာကြသောအခါ ဆာ၊ ဂျေ၊ အေ၊ မောင်ကြီးက မိမိပြောဆိုချက်ကို မကျေနပ်၍ ထွက်သွားခြင်းမဟုတ်။
ရန်ကန်ဆိပ်ကမ်းတွင် ဆိုက်ထားသော စစ်သင်္ဘောကို သွားကြည့်ကြတဘဲဟု ပြောပြန်သည်။ ထိုသို့ဖြေဆိုသဖြင့် ဆာ၊ ဂျေ၊ အေ၊ မောင်ကြီးသည် ၂၁-ဦးတို့ အသားယူသည်ကို မခံချင်၍ ဖြေခြင်းသာဖြစ်သည်။
ဆာ၊ ဂျေ၊ အေ၊ မောင်ကြီးကား အမျိုးသားအပေါ်၌ စိတ်သဘောထား ကောင်းသော ပုဂ္ဂိုလ်တစ်ဦးသာဖြစ်၏။
၁၉၄၈-ခုနှစ် လွတ်လပ်ရေးရပြီးသည့်နောက်သင်္ဃာတော်များအား လုံးဝအာဏာအပ်နှင်း အခွင့်အရေးပေကာ ပါလီမန်မှ အတည်ပြုသော သံဃဝိနိစ္စယဥပဒေမှာ ဆာ၊ ဂျေ၊ အေ၊ အောင်ကြီးရေးသားထားခဲ့သော ဥပဒေဖြစ်သည်။
ထိုစဉ်က သံဃာထုက မကြိုက်၍ ဆိုင်းထားခဲ့ရသည်။
စစ်စစ် သံဃာတော်များ လူရုံးသို့ မလာရလေအောင် အာဏာအပ်နှင့်သော ဥပဒေသာ ဖြစ်သည်။
ဆရာတော်ဦးဥတ္တမ ထောင်ထဲတွင်ရှိနေစဉ်ပင် ၁၂၈၆-ခုနှစ်၊ ပေါင်းတည်ကွန်ဖရင့် ဆုံးဖြစ်ချက်အရ မိုးရာသီအရောက်တွင် ထားဝယ်နယ်ကျေးရွာတခုမှ ဝံသာနုတို့ကစပြီး အခွန်မပေးရေးကို ဆောင်ရွက်လေသည်။
အခွန်မပေးသော သံသာနုတို့၏အိမ်ကိုအစိုးရက လက်နက်ကိုင် ပုလိပ်နှင့် ဝိုင်း၍ လက်ထိပ်ခတ်ကာ ဖမ်းဆီခြင်း၊ စပါးနှင့်ကျွဲနွား၊ ထွန်တုံးပါ မကျန်သိမ်းဆည်းခြင်းကို ပြုလိုက်ရာ ထိုသတင်းကိုကြားလျှင် သာယာဝတီ နယ်က ကျေးရွာများသည် အစုလိုက်အပြုံလိုက် အခွန်မပေးရေးကို ဆောင်ရွက်တော့သည်။
သာယာဝတီနယ်၌ အခွန်မပေးရုံမက အစိုးရ၊ သူကြီး၊ ပုလိပ် စသည်တို့ကလာမေးလျှင် မသိဘူး ဟူသော အဖြေတစ်ခုကိုသာပေး၍ (ဘူး) သင်းဟုပေါ်ပေါက်လာခဲ့ရာ အစိုးရအုပ်ချုပ်ရေးတွင် အတော်ကလေး အကြပ်ရိုက်သွားတော့သည်။
အစိုးရကလည်း ရာဇာသတ်ပြင်ဆင်ချက် အက်ဥပဒေအရ ထိုနယ်မှ ဝံသာနုအသင်းတို့ကို မတရားအသင်းဟု ကြေငြာတော့သည်။
မတရားသင်းဟုကြေငြာပြီးလျှင် လူတွေကို အစုလိုက်အပြုံလိုက် ဖမ်းဆီးရခက်သဖြင့်ပြည်အရေးပိုင်၊ သာယာဝတီအရေးပိုင်တို့က စစ်တပ်အကူအညီကို တောင်းယူပြီးနောက် ကျေးရွာများကို စစ်တပ်နှင့်ဝိုင်း၍ ယောက်ျားမှန်သမျှ ခေါ်ထုတ်ပြီး ရွာသူကြီးကညွန်ပြရာ ခေါင်းမာသူတို့ကို ရွေးချယ်လျက် ထောင်သို့ပို့တော့၏။
ဂေါ်ရခါးနှင့် ကုလားစစ်သားတို့ကလည်း ကျေးရွာများတွင် မိန်းမတွေသာရှိသောအခါ မတရားမှုများကို ကျူးလွန်ကြတော့သဖြင့် သယာဝတီနှင့် ပြည်စီရင်စုမှ ဝံသာနုတို့မှာ အင်္ဂလိပ်အစိုးရအပေါ်တွင် မခဲမကျေဖြစ်လာကြပြီး ထိုမှစ၍ သူပုန်ထ၍ ယက်နက်နှင့်တော်လှန်ရန် ကြံစည်စိတ်ကူးပြီး စည်းရုံးကြတော့သည်။
ဆယ်ကြိမ်မြောက် ပေါင်းတည်ကွန်ဖရင့် အပြီးတွင် ဂျီ၊ စီ၊ ဘီ၊ အေ၌ ဦးချစ်လှိုင် ကတဖက် ဦးစိုးသိမ်းနှင့် သံဃာများက တဘက် ကွဲပြားကြလေသည်။ ရွှေဘိုတွင် ကွန်ဖရင့်အစည်းအဝေးတစ်ခုကို ကျင်းပစဉ်က ဦးစိုးသိမ်းကို ဥက္ကဌ တင်မြှောက်ကြ၏။
ထိုနောက်မတ္ထီလာတွင် ဦးစိုးသိမ်း၊ ဂျီ၊ စီ၊ ဘီ၊ အေ၊ ကွန်ဖရင့်ကို ကျင်းပ၏။
ထိုနောက်တစ်နှစ်တွင် ၁၂၈၉-ခုနှစ်၊ ပျဉ်းမနားမြို့၌ ဦးစိုးသိမ်း ဂျီ၊ စီ၊ ဘီ၊ အေ၊ ကွန်ဖရင့်ကို ကျင်းပရာ ဆရာတော်ဦးဥတ္တမမှာ ထောင်မှလွတ်လာပြီးဖြစ်၍ ဦးချစ်လှိုင်၊ ဦးပုတို့နှင့် မပေါင်းတော့ဘဲ ဦးစိုးသိမ်း ဂျီ၊ စီ၊ ဘီ၊ အေဘက်သို့ ပါသွားတော့သည်။
အထက်ဖော်ပြခဲ့သော ဝံသာနုတို့သည်လည်း ဆရာတော်ဦးဥတ္တမ အားပေးသော ဦးစိုးသိမ်း ဂျီ၊ စီ၊ ဘီ၊ အေသို့ အများအပြား ပါဝင်သွားကြ၏။
ဦးချစ်လှိုင်လျှို့ဝှက်သောနည်းဖြင့် လုံခြုံစွာစည်းဝေ၍ သူပုန်ထရန် သဘောတူသော ဝံသာနုခေါင်းဆောင်များကို ရွေးထုတ်လေသည်။
ထိုအဖွဲ့တွင် ဆရာစံက ခေါင်းဆောင်လျှက် ဦးစိုးသိမ်းနှင့် ဆရာတော်ဦးဥတ္တမတို့ကားခတ်အေးအေးပင် မသိသလိုနေကြ၏။
ဦးဥတ္တမက ထိုကွန်ဖရင့်အပြီးတွင်ရုရှားနှင့် ဥရောပတိုင်းပြည်များသို့သွားရန် နိုင်ငံကူးလက်မှတ်တောင်းရာ မရသဖြင့် စစ်ကိုးတွင်သွား၍ သီတင်းသုံးနေ၏။
အကယ်၍ နိုင်ငံခြားသို့ သွားခွန့်ရလျှင် လက်နက်ခဲယမ်းမီးကျောက်များရနိုင်မည်ဟု အချို့က ထင်မြင်နေကြသည်။
ဘုန်းကြီးဖြစ်နေ၍ တိတ်တဆိတ် ခိုးကြောင်ခိုးဝှက် သွားပြန်ကလည်း ဝိနည်းတော်နှင့် ငြိစွမ်းမည်ဖြစ်၍ ရှောင်ရ၏။
ဝိနည်းတော်နှင့် မညီသော လက်နက်ခဲယမ်းမီးကျောက်ရရေးကို ဆောင်ရွက်ပေးမည်ဟု ကတိမထားဘူ၍လည်းသိရသည်။
ထိုနိုင်ငံခြားမှ လက်နက်ရရှိရေးကို ဆရာတော် ဦးဥတ္တမက ကိုယ်ထိလက်ရောက် ဆောင်ရွက်မည်မဟုတ်။
သို့သော်ဝံသာနုတို့ကို နိုင်ငံခြားသားတို့နှင့် ဆက်ယွယ်မှုကိုမူ ရှေ့ဆောင်လမ်းပြ ပေးမည်ဖြစ်သည်ဟု အများက ယုံကြည်ကြသည်။
ဝံသာနု ဦးစိုသိမ်း ဂျီ၊ စီ၊ ဘီ၊ အေ မှ လက်ရွေးစင်တို့၏ သူမုန်ထရန် စည်းဝေးခြင်းကို တစ်နှစ်လောက်တိတိပင်ပါးနပ်လှသော အစိုးရစုံထောက်ဖက်က မရိပ်မိကြချေ။
အင်္ဂလိပ်ဘုရင်ခံသည် အင်္ဂလန်သို့ခွင့်နှင့် ခတ္တခန့်ထားလေသည်။
ဆာဂျေအေမောင်ကြီးအား ဗမာထဲက ဘုရင်ခံအဖြစ် ခေတ္တခန့်ထားလေသည်။
ဆာဂျောအေမောင်ကြီး ဘုရင်ခံအဖြစ်နှင့် တိုင်းခမ်းလှည့်ရာ သာယာဝတီသို့အရောက် အုတ်ဖိုမောင်စော (နောင်ဂဠုန်ဦးစော) ဥက္ကဌဖြစ်သော ဒီစတြိတ်ကောင်စီက သြဘာစာ ဖတ်ကြားရာတွင် လူခွန်နှင့် လယ်သာမြေခွန်ကို အစိုးရက မကောက်ပါနဲ့တော့။
ဒီအခွန်နှစ်ခုကို မဖြုတ်ပါလျှင် တိုင်းပြည်၌ သူမုန်ထရန် အကြောင်းများ မြင်သည်ဟု ထည့်သွင်းပြောဆိုရာ ဆာဂျောအေမောင်ကြီးက “ဒီအခွန်ကိုတော့ဘယ်လိုမှ လျှော့မပစ်နိုင်။
အခွန်မလျှော့၍ သူပုန်ထမယ်ဆိုလျှင်လဲ သရဏဂုံသုံးပါးအောင့်မေ့ပြီး လုပ်ချင်ရာသာ လုပ်ကြပေတော့” ဟု ပြန်ကြားပြောဆိုလေသည်။
(ထိုစကားများမှာ ဟံသာဝတီအရှေ့ပိုင်း ရွေးကောက်ပွဲတွင် ဦးဘသိမ်းမောင်ကနိုင်၍ ဆာဂျေအေမောင်ကြီး ရှူံးသဖြင့် ကွန့်ကွတ်မှုဖြစ်ရာ၍ ဆာဂျေအေ မောင်ကြီးကို ဦးဘသိမ်းမောင်ဖတ်မှ မေးခွန်းထုတ်သဖြင့် ထွက်ဆာဂျေအေမောင်ကြီး ပြန်သွားပြီး၍ ရက်သတ္တပတ်မျှ မပြည့်ခင် ၁၉၃၀-ခုနှစ် ဒီဇင်ဘာလ ၂၂-ရက်နေ့၌ ဆရာစံဦးစီးသော သာယာဝတီသူပုန်မှာ ရေတိုက်ရွာမှစ၍ ထကြွတော့သည်။
ဗိုလ်တဲ တထဲတွင် တည်းခိုနေသော သစ်တောအရာရှိ မျက်နှာဖြူတစ်ဦးမှာ ထိုနေ့ပင် အသတ်ခံရသည်။
သာယာဝတီ သူပုန်ထပြီးဆိုသည်နှင့် တပြိုင်နက်ပင် ဖျာပုံ၊ အင်းစိန်၊ ပြည်၊ ဟင်္သာတ၊ သရက်နယ်တို့တွင်လည်း ဓားလက်နက် စွဲကိုင်၍ ထကြတော့သည်။ အတော်ကလေးပြန့်နှံသွားတော့၏။
ဆရာစံသူပုန်မှာ ၄-နှစ်မျှကြာသည့်တိုင်အောင် အစိုးရက လက်နက်အင်အားဖြင့် ဖိနှိပ်သော်လည်း ငြိမ်သည်မရှိ။
နောက်ဆုံး ငြိမ်းချမ်းရေးမစ်ရှင်တခုကို ဦးသောင်းတင် ဆိုသူက လက်ခံဆောင်ရွက်ပြီးလျှင် ထိုမစ်ရှင်နှင့် ဆရာတော်ကြီး အမြောက်အမြားပါသွား၏။
တောပုန်းနေသော သူပုန်တို့လည်း ဆရာတော်များ၏ အသက်ချမ်းသာခွင့်ရမည်ဆိုသော သူပုန်တို့လည်း ဆရာတော်ကြီး အမြောက်အမြားပါသွား၏။
တောပုန်းနေသော သူပုန်တို့လည်း ဆရာတော်များ၏ အသက်ချမ်းသာခွင့်ရမည်ဆိုသော ဟောပြောချက်များကို ယုံကြည်၍ လက်နက်ချဝင်ရောက်ကြ၏။
သို့သော် အားလုံးမလွတ်ဘဲ ချို့ကြိုးပေးခဲ့ကြရသည်။
ဆရာစံကိုမူ ရှမ်းပြည်တွင် သွားရောက်ဖမ်းဆီးပြီး အမှုစစ်ဆေးလျှက် ကြိုးမိန့်ပေး၍သတ်လိုက်၏။
ထိုသို့သတ်ရာတွင် ဆရာစံက အလွန်စိတ်ဓါတ်ချောက်ချားပြီး အညံ့ခံကြောင်း လက်မှတ်ရေးထိုးသည်ဟု ဗြူရိုကရက်တို့ကကြေငြာ၏။
အမှန်စင်စစ်မဟုတ်ပေ။ ထိုသတင်းမှာ လုံးလုံးမမှန်ချေ။
ထိုစဉ်ကြိုးပေးရာတွင် စောင့်ကြပ်ရသော ဆရာဝန်ကြီးမှာ လုံးလုံးမမှန်ချေ။
ထိုစဉ်ကြိုးပေးရာတွင် စောင့်ကြပ်ရသော ဆရာဝန်ကြီးမှာ ကာနယ်ဘသော် ဖြစ်သည်။ ဒေါက်တာကာနယ်ဘသော်မှာ တသင်းမှာ လုံးလုံးမမှန်ချေ။ ထိုစဉ်သည်။
ဒေါက်တာကာနယ်ဘသော်မှာ သတင်းမပေါက်ကြားရအောင်အစိုးရသဘောအတိုင်း ပိတ်ပင်ထားရသော်လည်း ဆရာစံကြိုးစင်တင်စဉ် ရဲရဲတောက် ပြောသွားသောစကားများကို ကြားလိုက်ရသည်ဟု နောက်မှ ဖွင့်ဟပြောဆိုလေသည်။
ဆရာစံက “ငါကိုသတ်ပေမဲ့ ငါဝိဥာဏ်က မသေဘူး။
နောက်ဘဝအထိ အင်္ဂလပ်မိစ္ဆာတို့ကို ဆက်ပြီးတော်လှန်အုံးမယ်ကွ” ဟုပြောကြောင်းနှင့် ဝတ်လုံးတော်ရ ဦးလှထွန်းဖြူ (အမ်အေ၊ ဘီအေလ်)၏ အိမ်တွင် ပြောသည်ကို ကြားသိရသည်။ အိန္ဒိယတွင်ကား သူပုန်မထသေး။
အိန္ဒိယအုပ်ချုပ်ရေးကို ဘယ်သို့တိုးတတ်ပြောင်းလဲပေးသင့်ကြောင်း ဆာဂျွန်ဆိုင်းမွန်အမှူးရှိသော ကော်မီတီတစ်ခု စေလွှတ်၏။
ဆာဂျွန်ဆိုင်းမွန်း ကိုယ်တိုင် အိန္ဒိယအောက်လွှတ်တော်အတွင်း၌ရှိစဉ် တိုင်းရင်းသားနှစ်ဦးက ဗုံးနှင့်ပစ်ဖူး၏။ လူကား တစ်ယောက်မှမသေပေ။
ယခုအိန္ဒိယခေါင်းဆောင်ကြီးရှရှိနေရှူး၏ဖခင် ဗဏ္ဍိတ်မိုတိလာနေရှူးနှင့် စီအာရ်ဒတ်စ်တို့က ခေါင်းဆောင်လျှက် “ဆွာရပ်ပါတီ” ဟုအမည်ပေးပြီး တိုင်းပြည်ဖက်က တတ်နိုင်သောနေရာတွင် အားလုံးပိတ်ပင်ကန့်ကွတ်ဖို့ လွတ်တော်အတွင်းသို့ဝင်ကြသည်။
ထိုခေါင်းဆောင်ကြီးတို့၏ အကြံအစည်ကား အတော်ပင် အောင်မြင် ထမြောက်ခဲ့သည်။
ဘင်္ဂလားလွတ်တော်တွင် ပညာရေးအရာရှိများ၊ ကျောင်းများ လခမရ၍ ရပ်ဆိုင်းထားရ၏။
အစိုးရက တောင်းသောငွေအားလုံးကို ဘတ်ဂျက်တွင် ဖြတ်တောက်ပစ်သည်။
ထိုဖြစ်တောက်ငွေများကို ဘုရင်ခံက ဗီတိုသဘောနှင့်ပြန်ပေးဖို့ ဆုံးဖြတ်ရန် ကြံစည်သောအခါ ဟိုက်ကုတ်မှနေ၍ တရားစွဲဆိုပြီး ဘုရင်ခံ၏ အာဏာကို ပိတ်ပင်ခဲ့သက်အထိ အောင်မြင်၏။
အိန္ဒိယနှင့်ဗမာပြည်တို့က ဆိုင်မွန်းကော်မရှင်ကို သပိတ်မှောက်လိုက်ကြ၍ ကော်မရှင်ပြန်သွားပြီးလျှင် အစီရင်ခံစာတင်သွင်းသော်လည်းထိုအစီရင်ခံစာမျှဖြင့် ဘိလပ်အစိုးရက နောက်ထပ်ဘာမျှမလုပ်နိုင် မကိုနိုင်ရှိတော့သည်။
ဘိလပ်နိုင်ငံမှ ဘုရင့်အစိုးရသည် အန္ဒိယနှင့် မြန်မာပြည်မှ ခေါင်းဆောင်တို့ကို ဘိလပ်သို့ဖိတ်ခေါ်ပြီးလျှင် မျက်နှာစုံညီအစည်းအဝေးကို ကျင်းပသောအခါ မဟတ္တပဂန္ဒီကြီးကိုယ်တိုင်ပင် အစိုးရနှင့် မဆက်ဆံရေးလုပ်ငန်းကိုလုပ်နေလျှက် ဘိလပ်သို့လိုက်ပါသွားပြီး အစည်းအဝေးသို့ တတ်ရောက်သည်။
မြန်မာပြည်ကို အိန္ဒိယမှ ခွဲထုတ်ရန် လိုလားကြသူများလည်း ရှိသဖြင့် အိန္ဒိယမှ ခွဲထုတ်ရန် လိုလားကြသူများလည်း ရှိသဖြင့် အိန္ဒိယမျက်နှာစုံညီ အစည်းအဝေးတွင် မြန်မာကိုယ်စားလှယ် ဦးဘဖေ၊ ဦးမောင်မောင်အုန်းခိုင်၊ ဆာဒီဂလင်ဗီနှင့် ဦးသောင်းတင်တို့မှာ ဆက်လက်မပါဝင်ဘဲ ပြန်လာခဲ့ကြသဖြင့် နောက်တကြိမ် မြန်မာပြည် မျက်နှာစုံညီ အစည်းအဝေးကို သီးသန့်ကျင်းပရ၏။
ထိုအစည်းအဝေးမှာ ၁၉၃၂-ခုနှစ် ဖေဖော်ဝါရီလတွင်ဖြစ်သည်။
တတ်ရောက်ကြသော ပုဂ္ဂိုလ်များမှာ (၁)ဦးဘဖေ၊ (၂) ဦးမောင်မောင်အုန်းခိုင်၊ (၃) အမ်အေ ဦးမောင်ကြီး၊ (၄) ဦးဘစီ၊ (၅) ဒေါက်တာသိမ်းမောင်၊ (၆) ဦးချစ်လှိုင်၊ (၇) သယာဝတီ ဦးပု၊ (၈) ဦးထွန်းအောင်ကျော်၊ (၉) သယာဝတီ ဦးမောင်မောင်၊ (၁၀) ဦးစု၊ (၁) ဦးနီ၊ (၁၂) ဒေါ်မြစိန်၊ (၁၃) ဆစ်ဒနီ လူနီ၊ (၁၄) ဆရာ ရွှေဘ၊ (၁၅) ဆာဂလင်ဘီ၊ (၁၇) မစ္စတာကာဝပ်ဂျီ။
(မှတ်ချက်။
။ဤစာရင်မှာ ဦးဘခိုင်၏ “နိုင်ငံရေးရာဇဝင်” မှရသော စာရင်းဖြစ်သည်။ ထိုအစည်းအဝေးသို့ ဒေါက်တာဘမော်လည်း တတ်ရောက်သည်။ ဦးစိုးသိမ်း ဂျီ၊ စီ၊ ဘီ၊ အေနှင့် ဆရာတော်ဦးဥတ္တမတို့ ကမူထိုအစည်းများကို ဘာမျှ အရေးမလုပ်ကြပေ။)
ထိုနောက်မှ ဗမာပြည်ကို အိန္ဒိယနှင့် ခွဲသင့်မခွဲသင့်ကို တိုင်းပြည်၏ မဲဆန္ဒဖြင့် ဆုံးဖြတ်ဖို့ရာ ၁၉၃၅-ခုနှစ် မြန်မာပြည်အုပ်ချုပ်ရေး ဥပဒေကို မပေးအပ်မီ ၁၉၃၅- ခုနှစ် ဒီဇင်ဘာလတွင် ရွေးကောက်ပွဲကို ကျင်းပစေသည်။
လူထုမဲစာရင်းတွင် တွဲရေးဘက်က မဲ (၅) သိန်းကျော်ပို၍ အပြတ်အသတ်သာနေသော်လည်း အမတ်များစည်းဝေးသောအခါ၌ ခွဲရေးဖြစ်သွားသဖြင့် အိန္ဒိယနှင့်ခွဲပြီး (၉၁) ဌါန အုပ်ချုပ်ရေးဟူ၍ ပေါ်လာသည်။
၁၉၃၅- ခုနှစ်ပေးအပ်သော (၉၁) ဌါနအုပ်ရေးတွင် ပထမဒေါက်တာဘမော်၊ နောက်ဦးပု၊ နောက်ဦးစောတို့က နန်းရင်းဝန်ရာထူးကိုတဆင့်စီယူ၍ လုပ်ကိုင်နေကြစဉ်ပင် ဒုတိယကမ္ဘာစစ်ကြီး ဖြစ်လာသည်။
နိုင်ငံရေးဂိုဏ်းရဏ ခွဲပြားကြသောအခါ တဘက်နှင့်တဘက် ပြင်းစွာစွပ်စွဲဝေဖန်တတ်ကြရာ ဆရာတော် ဦးဥတ္တမသည် ကာလကတ္တားတွင် နေစဉ်က မိန်းမယူထားသယောင်ယောင် သတင်းစာအချို့က စွပ်စွဲရေးသားခြင်းကိုပင် ခံရ၏။
သို့သော် ဦးဥတ္တမကား ရှူးရှူးရှားရှား ဒေါသမထွက်။ ဘုရားပင်လျှင် ဇိဉ္ဖမနာ စွပ်စွဲခြင်းကိုပင် ခံရ၏။
မည်သူက မည်သို့ပင် စွပ်စွဲစေကာမူ ဆရာတော်သည် ထိုသူ၏စကားကို ပုဂ္ဂလဓိဌာန်ဖြင့် ပြန်၍ ချေပခြင်းကိုကား မပြု၊ ထိုသူနှင့်တကွ အများပရိတ်သတ်က ချင့်ချင့်ချိန်ချိန် နှင့် ယုံမှားခြင်းမဖြစ်ရအောင် ဓမ္မဓိဌါန် ဖြေရှင်းချက်ပေးသည်ကို တွေ့ရသည်။
သူကိုယ်တိုင်က “ဦးဥတ္တမအကြောင်းဟု” စာတအုပ်ကို ရေးပြီးထုတ်ဝေရာ သူနိုင်ငံရေးတရားဟောစက ပုသိမ်နယ်ကျောင်းကုန်းတွင် သူဌေးတစ်ယောက်၏ အိမ်အပေါ်ထပ်တွင် သီတင်းသုံး၏။
ထိုသူဌေးတွင် သမီးပျိုတစ်ယောက်ရှိရာ သူဌေးက သူ့သမီးကို လူထွက်ပြီးယူပါ။
စည်းစိမ်ပါ ပုံအပ်မည်ဟုပြော၏။
ထိုငယ်စည်ကပင်လျှင် လောကီကာမစည်းစိမ်ကို မစင်ဘင်ဖုတ်ကဲ့သို့ စွန့်ပစ်လာခဲ့ပုံကို တရားဓမ္မပြ၍ ရေးသားထားသည်။
ထိုသူဌေး၏နာမည် နာမကိုပင် ရေးသားဖော်ပြရာ ထိုသို့ထုတ်ဖော်ရေးသားခြင်းဖြင့် မဟုတ်မမှန်လျှင် ဆိုင်ရာတို့က တရားစွဲဆိုခြင်း၊ ငြင်းကွယ်ခြင်း၊ ပြုကြမည်ဖြစ်သည်။
ထိုစဉ်က မငြင်းကြပေ။
သည်းခံခြင်း၌ ဆရာတော်သည် နည်းယူလောက်ပေသည်။
တခါကကလကတ္တားတွင် ဗမာပြည်မှ ရှောင်တိန်းသွားပြီး စားပေါက်ပွင့်နေသော လူတစ်ယောက်၏သတင်းကို သူရိယသတင်းစာသို့ ရေးပို့ဖူး၍ ထိုသူက ရန်ရှာပြီး ရိုက်နှက်ခြင်းကို ခံခဲ့ရသည်။
ဂျပန်မှအပြန် ဘုံဘေမြို့ မီးရထားဘူတာတွင် မြန်မာပြည်မှ ပြောင်းသွားသော မျက်နှာဖြူ ရာဇဝတ်ဝန်တစ်ယောက်က “ဟေ့ကောင်” ဟူ၍ ဗမာစကားဖြင့် ရိုင်းပြစွာခေါ်၏။
အရေးပိုင်က ရာဇဝတ်ဝန်ကို ဘာကြောင့် ဤသို့ခေါ်ရသလဲ၊ ထွက်သွားလိုက်ဟု မောင်းထုတ်မှ ရာဇဝတ်ဝန် ထွက်သွားသည်ဟု သိရ၏။
ရဟန်းတို့ ၏ဆင်းလှခြင်းဂုဏ်
မိန်းမတို့မှာ၊ ဆင်းရှူပါကား
လင်သားမြတ်နိုး၊ ရိုသေကျိုးတည့်၊
လူမျိုးအပေါင်း၊ ရုပ်မကောင်းလည်း၊
တတ်ကြောင်းပညာ၊ အဆင်းသာတည့်၊
ကျောင်းမှာပျော်မှန်း၊ ရဟန်းတို့မှာ၊
သည်းခံပါက၊ အဆင်းလှ၏။
လောကနီတိပျို့
ဆရာတော်သည်မကွယ်လွန်မှီ မတ်တတ်နာဖြင့် အတော်ပင်
ဦးနှောက်အင်အား လူအင်အားချို့တဲ့နေရာ ရန်ကုန်မြို့ထဲတွင် စိတ်မနှံ
သူတစ်ဦးကဲ့သို့ သွားလာနေတတ်၏။
သို့သော် စိတ်ကားဖေါက်ပြန်သည်ဟူ၍ မဆိုသာ။
ကျွန်ုပ်ကိုယ်တိုင် ကွမ်းခြံဘူတာအထွက်တွင် တွေ့ဆုံးပြီး စကားပြောဆိုကြည့်သည်။
တခုမျှ ချွတ်ယွင်းသော စကားမပါ။
အားနည်းသည့် လက္ခဏာသာ တွေ့ရသည်။
ပျံလွန်တော်မူသောအခါ၌ပင် ယိုကိုဟာမာစပိစိဘဏ်တိုက်၌ သူ့ပိုင်ရံပုံငွေ ယန်း- ၂၀၀၀၀ ရှိသည်။
ထိုအခါက ဗမာငွေ (၂၅၀၀၀) မျှ တန်သေး၏။
ငွေကို ရေလိုသုံးနိုင်သော်လည်း ထိုငွေဖြင့်ကျန်းမာလျှင် နိုင်ငံခြားသို့ သွားရောက်သာသနာပြုရန် ရည်ရွယ်၍ တပြားတချပ်မှ မသုံးဘဲ ဆွမ်းပင့်ကျွေးမည့်သူမရှိလျှင် အငတ်ခံသည်အထိ ချွေတာခြို့းခြံပြီး မိမိကိုယ်ကိုပင် ဆင်းရဲ့ခံသည်။ သို့အတွက် ဆရာတော်၏ ကိုယ်ကျင့်တရားမှာစိုးစဉ်မျှ ယုံမှားစရာမရှိပေ။
သို့နှင့်ပင် ဆရာတော်သည် သွားရင်းလာရင်း အားနည်း၍ တခါတရံလဲကျ၏။
တွေ့သောသူများ က ပွေ့ထူပြီး ဆေးရုံးပို့ရသည်။ ငြိမ်ငြိမ်နေလျှင် သူ၏ရောဂါပိုဆိုးမည်ဟူ၍ ဘယ်သောအခါမျှ မနားမနေဘဲ လမ်းလျှောက်၍ သာ နေသည်ကိုတွေ့ရ၏။
ဆရာတော်ဦးဥတ္တမ ပြုစုပျိုးထောင်ခဲ့သော တက်ကြွသည့် နိုင်ငံရေးစိတ်ဓါတ်များမှ ဆက်သွယ်၍ ၁၂၉၂ - ခုနှစ် ကုလားဗမာရိုက်ပွဲနောက်တွင် ဒို့ဗမာအစည်းအရုံးအမည်ဖြင့် သခင်ပါတီပေါ်လာ၏။
ထိုအခါစ၍ သခင်ဘသောင့်နှင့် ယခုဗမာခေတ် ဦးအုံးခင်တို့ သခင်တစုသည် ဝိုင်၊ အမ်၊ ဘီ၊ အေ ဆရာတင်ရေးသော ဒို့ဗမာသီချင်းကို လက်သီးလက်မောင်းတန်း၍ စတင်သီဆိုလာကြ၏။
လူငယ်များ၏ တက်ကြွနေသော စိတ်ဓါတ်ကို ရဲစိတ်ရဲ့သွေးထပ်မံဖြည့်စွက်ပေးကြသည်။
ထိုမှ နောက်တွင် ဒို့ဗမာသခင်ဟူ၍ ကျောင်းသားအများက ဦးဆောင်ပြီး စည်းရုံးကြရာ ၁၉၃၆ - ခုနှစ်၌ ကောလိပ်သပိတ်မှစ၍ အောင်ကျော်သေရပြီးနောက် ဒို့ဗမာသခင်တို့၏ အထူးထကြွသော အစိတ်အပိုင်းတွင် အမြဲခေါင်းဆောင်၍ပါဝင်ကာ ဗိုလ်ချုပ်အောင်ဆန်းနှင့် ရဲဘော် ၃-ကျိတ်တို့ ဂျပန်သို့ထွက်သွားပြီ ဒုတိယကမ္ဘာစစ်တည်းဟူသောအခါကောင်းကိုယူ၍ ဂျပန်နှင့်ပူးပေါင်းလျက် အင်္ဂလိပ်ကို တော်လှန်၏။
နောက်အင်္ဂလိပ်နှင့် ပူးပေါင်းပြီး ဂျပန်ကိုချ၏။
၁၉၄၈ - ခုနှစ်တွင် လွတ်လပ်ရေးရရှိခဲ့ရာ ထိုအဆင့်ဆင့်သော တော်လှန်ရေးတို့တွင် ဆရာတော် ဦးဥတ္တမ၏ ပထမဆုံးစိတ်ဓါတ်တော်လှန်ရေးက အကြောင်းအရင်ခံသည်မှာ မလွဲကြောင်း ပါလီမန်လွတ်တော် အရပ်ရပ်ပင် ထုတ်ဖော်စကား ဆိုထားကြပြီးဖြစ်သည်။
၁၉၃၉-ခုနှစ် စက်တင်ဘာလ ၉-ရက် (၁၃၀၁ - ခုနှစ် ဝါခေါင်လ ဆုတ် ၁၁- ရက်) နေ့တွင် ဆရာတော် ဦးဥတ္တမသည် ရန်ကုန်ဆေးရုံးကြီး၌ ဘဝနတ်ထံ ပျံလွန်တော်မူရာ၊ ပျံတော်မူ၍ ၂- ရက်ကြာပြီးနော် စက်တင်ဘာလ ၁၁-ရက်နေ့တွင် ကျင်းပသော ဗမာပြည် အောက်လွတ်တော်အစည်းအဝေး၌ အမတ်များအားလုံး ဝမ်းနည်းသည့် အထိမ်းအမှတ်ဖြင့် ၅- မီနစ်ရပ်နားပြီး အရိုအသေပြုကြသည်။
သက်ဆိုင်ရာဆွေမျိုးများသို့လွတ်တော်မှတ်တမ်းအရ ဝမ်းနည်းကြောင်းသဝဏ်လွှာ ပေးပို့ကြသည်။
လွတ်တော်အမတ်များ အကျယ်တယင့် ချီးကျူးကြ၏။
၎င်းအနက် ဂန်ဂါဆင့်၏စကားကို အထက်၌ ဖော်ပြပြီးဖြစ်သည်။
ထိုနောက် ၁၉၅၄ -ခုနှစ် စက်တင်ဘာလက ကျင်းပသော ပြည်ထောင်စုမြန်မာနိုင်ငံ ပါလီမန်တွင်လည်း ဦးဥတ္တမ၏ ဂုဏ်ကျေးဇူးတို့ကို ချီးကျူးသတိရသော အထိမ်းအမှန်ဖြင့် ပြောဆိုကြပေသည်။
ဆရာတော်၏ ပညာဂုဏ်ကျေးဇူး၊ ကိုယ်ကျိုးမဖက် တိုင်းပြည်အတွက် အနစ်နာခံခဲ့သော ဂုဏ်ကျေးဇူး၊ ဘုရားသားရဟန်းတော်ပီပီ သီလသိက္ခာတို့ကို ထိန်းသိမ်းတော်မူလျက် တရားဓမ္မတို့ကို ကျင့်သုံးတော်မူသော ကျေးဇူး၊ ခန္တီပါရမီကို ကောင်းစွာ ဖြည့်တော်မူသော ကျေးဇူးတော်တို့ကို ရည်မှန်းပြီးလျှင် ကျွန်ုပ်သည် ဤစာစောင်ဖြင့် ရိုသေလေးမြတ်စွာ ပူဇော်ကန်တော့ခြင်းပြုလျက် အဆုံးသတ်လိုက်ရပေသည်။